Android Device တွေကို အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြုလုပ်ကြရမှာပါ။ ကိုယ်အသုံးပြုနေတဲ့ ဖုန်းကို ပြန်ရောင်းမယ့် အချိန်မျိုးမှာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပေးတဲ့အခါမှာပဲဖြစ်ဖြစ် Factory Reset ပြုလုပ်ပြီးမှ ပေးကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ပုံမှန် Factory Reset ပြုလုပ်ပြီး အခြားသူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် ဒါဟာစိတ်ချရတဲ့ အခြေအနေလို့ သတ်မှတ်နိုင်သလို နောက်ထပ် အသုံးပြု သူတွေဟာလည်း Factory Reset လုပ်ထားတဲ့ သင့်ရဲ့ဖုန်းထဲက ဓာတ်ပုံတွေ၊ စာတွေနဲ့ အခြားသော အချက်အလက်ဖိုင်တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
ဒီနည်းလမ်းဟာ တကယ်တော့ လုံးဝစိတ်ချရတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ Factory Reset လုပ်ထားတဲ့ Android ဖုန်းတစ်လုံးဟာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးရဲ့ လက်ထဲကို ပေးလိုက်တယ်ဆိုရင် သင့်ရဲ့ အချက်အလက်တွေအတွက် လုံခြုံစိတ်ချရတဲ့ အဆင့်မှာ မရှိသေးပါဘူး။ Recovery Tool တစ်ခုခုနဲ့ ရှာဖွေပြီးသင့်ရဲ့ Data တွေကိုပြန်လည် ရှာဖွေနိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Android Device တစ်ခုကို Reset ပြုလုပ်မယ်ဆိုရင် နောက်ထပ်အသုံးပြုမယ့် လူက ပြန်လည်ပြီး Recovery မပြုလုပ်နိုင်အောင် ဖိုင်တွေ ကို Encrypt ပြုလုပ်ပြီးမှသာ Factory Reset ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုး စိတ်ချရတဲ့အခြေအနေနဲ့ ဖုန်းကို Factory Reset လုပ်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
Device ကို Encrypt မပြုလုပ်ခင်မှာ လိုအပ်တာကတော့ ပထမဦးဆုံး Device ကို Password ပေးဖို့လိုအပ်ပါတယ်။ Device ကို Password ပေးဖို့အတွက် Settings အောက်က Lock Screen ဆိုတာကို သွားရပါမယ်။ ဒီနေရာမှာ ဖုန်းအမျိုးအစား တစ်လုံးနဲ့တစ်လုံး မတူတဲ့အတွက် Lock Screen ရှိတဲ့လမ်းကြောင်းကို ရွေးချယ်သွားပေးရပါမယ်။
ပြီးသွားရင်တော့ Screen Lock ဆိုတာကို ရွေးချယ်ပေးပါ။ Screen Lock ဟာ Settings အောက်က Lock Screen ဆိုတဲ့ စာသားရဲ့ အောက်ဘက်မှာ များသောအားဖြင့် ရှိတတ်ပါတယ်။
Screen Lock အောက်ကို ရောက်သွားပြီဆိုရင် Password ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Password ကိုရွေးချယ်ပြီးရင် မိမိကြိုက် နှစ်သက်ရာ Password ကိုထည့်သွင်းပေးလိုက်ပါ။ ဒီအဆင့် ပြီးသွားရင်တော့ Device ကို Password ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Device ထဲကData တွေကို Encrypt ပြုလုပ်ဖို့အတွက် ဖြစ်ပါတယ်။ Encrypt ပြုလုပ်ထားတဲ့ အခါမျိုးမှာ ကြုံတွေ့ရတာကတော့ မိမိရဲ့ဖုန်းကို Reboot တစ်ခါပြုလုပ်လိုက်တိုင်းမှာ Data တွေကို Decrypt ပြုလုပ်မလားဆိုတဲ့ Password ကို အမြဲမေးနေတတ်ပါတယ်။ တကယ်လို့သာ Password ထည့်သွင်းသူဟာ Encrypt ပြုလုပ်ဖို့ရန်အတွက် ထည့်သွင်းထားတဲ့ Password ကို မေ့သွားမယ်ဆိုရင်တော့ Data ဆုံးရှုံးရမှာပါ။ Data တွေကို Encrypt ပြုလုပ်ဖို့ အတွက်ကတော့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Encrypt ပြုလုပ်ဖို့အတွက် Encrypt စနစ်ကို ရှာဖွေရမှာဖြစ်ပါ တယ်။ ဒါကတော့ မိမိအသုံးပြုတဲ့ Device ပေါ်မူတည်ပြီး တည်နေ ရာကတော့ ကွဲလွဲမှု ရှိနိုင်ပါလိမ့်မယ်။ တော်တော်များများမှာတော့ Security အောက်မှာရှိတတ်ပါတယ်။
Encrypt Device ကို ရွေးချယ်လိုက်ပြီဆိုရင် Data တွေကို Encrypt ပြုလုပ်ဖို့အတွက် ဖော်ပြပေးထားတဲ့ အဆင့်များအတိုင်း တစ်ဆင့်ချင်းစီ လိုက်လံလုပ်ဆောင် ပေးရမှာဖြစ်ပါတယ်။ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပြီးတဲ့ အခါမှသာ Data တွေကို Encrypt ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


Encrypt Device ကို အသုံးပြုဖို့အတွက် PIN ဒါမှမဟုတ် Password လိုအပ်တဲ့အတွက် Encrypt Deviceမပြုလုပ်ခင်မှာ ကြိုတင်ပြီး Password ကိုထည့်သွင်း ပေးထားရခြင်း ဖြစ်ပါတယ်။ ဒီအဆင့်တွေအားလုံးပြီးသွား ပြီဆိုရင်တော့ Android Device ကိုလုံခြုံစိတ်ချစွာနဲ့ Factory Reset ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
-ကိုသက်
Internet Journal မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

 
Top