Google က Google I/O မှာ Google Photos ကို မိတ်ဆက်ခဲ့ပါတယ်။ Google Photos ကို Android, iOS, Web အတွက် ပြုလုပ်ပေးထားပြီး အရွယ်အစားမချုံ့ရင် ဓါတ်ပုံများကို အကန့်အသတ်မရှိ Cloud မှာ
သိမ်းဆည်းနိုင်ပါတယ်။ Google က Google Plus Photos ၀န်ဆောင်မှုကို ပိတ်သိမ်းပြီး Google Photos ကို အသစ်တစ်ဖန်မွေးဖွားလိုက်တာ ဖြစ်ပါတယ်။ ဓါတ်ပုံနဲ့ ပတ်သက်တဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို
ခံစားရရှိဖို့ Google Photos ကို ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။ Google Photos မှာ ဓါတ်ပုံများကို Edit ပြုလုပ်နိုင်သလို Animation , Video များဖန်တီးနိုင်ပါတယ်။ Google Photos ကနေ Android, iOS, Web မှာ ဓါတ်ပုံများ Sync လုပ်နိုင်ပါတယ်။
Google Photos App
Google Photos App ကို Android Phone မှာ ဖွင့်ပြီးရင် သင့်ရဲ့ ဖုန်းမှ ဓါတ်ပုံတွေကို Cloud မှာ သိမ်းဆည်းဖို့နဲ့ အခြား Device များမှာ Sync ပြုလုပ်ဖို့အတွက် ဘယ်ဘက်အပေါ်ထိပ်မှ Menu ကနေ Settings ထဲသွားပါ။ Backup & sync ထဲသွားပြီး On လုပ်ပေးပါ။ Active Account မှာ သင့်ရဲ့ Google Account ကို ရွေးချယ်ပေးပါ။ Upload Size မှာ High quality နဲ့ Original နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ High quality ကို ရွေးချယ်ရင် ဓါတ်ပုံများကို အရွယ်အစားချုံ့ပြီး သိမ်းပေးမှာ ဖြစ်ပေမယ့် အကန့်အသတ်မရှိ သိမ်းနိုင်ပါတယ်။ Original ကို ရွေးချယ်ရင်တော့ မူလအရည်အသွေးအတိုင်း သိမ်းပေးမှာ ဖြစ်ပေမယ့် Storage အကန့်အသတ်ရှိပါတယ်။ Backup photos မှာ WiFi နဲ့မှသာ Backup လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ Backup လုပ်မယ့် ဖိုဒါများကို Choose folders to back up မှာ သတ်မှတ်နိုင်ပါတယ်။
Google Photos ကို ရိုးရှင်းစွာ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ Menu မှာ သင့်ရဲ့ ဓါတ်ပုံများကို Animation, Collage အဖြစ် ပြုလုပ်နိုင်အောင် Google Now လို အကြံပေးနိုင်တဲ့ Assistant နဲ့ အချိန်၊ တည်နေရာတို့အပေါ် အခြေခံပြီး Albums များ အလိုအလျှောက်ဖန်တီးပေးနိုင်တဲ့ Collections ကို တွေ့နိုင်ပါတယ်။
Menu ကနေ Photos ထဲသွားရင် သင့်ရဲ့ ဓါတ်ပုံများကို တွေ့နိုင်ပါတယ်။ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက်အစက်များကို နှိပ်ပြီး View များကို ပြောင်းလဲနိုင်ပါတယ်။ Month View ကို ရွေးချယ်ရင်တော့ လအလိုက်ဓါတ်ပုံများကို ရှင်းလင်းစွာ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံတစ်ခုကို နှိပ်ရင် Full Screen အနေနဲ့ ပြသပေးမှာပါ။ အဲဒီကနေ ဓါတ်ပုံကို အခြားလူများနဲ့ မျှဝေနိုင်သလို Edit , Delete လုပ်နိုင်ပါတယ်။ Cloud မှာ သိမ်းဆည်းထားပြီး ဖုန်းမှ ဓါတ်ပုံကိုပဲ ဖျက်နိုင်တဲ့ ရွေးချယ်မှုလည်း ပါရှိပါတယ်။
စကရင်ရဲ့ အောက်ခြေမှ Search Button ကို နှိပ်ရင် Places, Things, Types များအပေါ် အခြေခံပြီး ဓါတ်ပုံများကို အကြံပြုပြသပေးမှာပါ။ Search Box ကနေ နေ့ရက်များ၊ လူအမည်များ၊ နေရာဒေသများရဲ့ အမည်များကို ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ ဖိုင်အမည်များမှ စကားလုံးများကို ရိုက်ထည့်ပြီးလည်း ရှာဖွေနိုင်ပါတယ်။
Editing and Sharing
Google Plus မှ Edit စွမ်းဆောင်ချက် အများစုကို Google Photos မှာ ထည့်သွင်းပေးထားပါတယ်။ ဓါတ်ပုံတစ်ခုကို တစ်ချက်နှိပ်ပြီး အောက်ခြေမှ Pencil Icon ကို နှိပ်ရင် Edit လုပ်နိုင်ပါပြီ။ Slider Controls များကို အသုံးပြုပြီး အရောင်နဲ့ အလင်းရောင်များကို ချိန်ညှိနိုင်သလို Filter Templates များကို ရွေးချယ်နိုင်ပါတယ်။
Slider Controls မှာ ဓါတ်ပုံအတွက် အကောင်းဆုံး Settings ကို အလိုအလျှောက်ချိန်ညှိပေးတဲ့ Auto Option ကို အသုံးပြုနိုင်ပါတယ်။ ဓါတ်ပုံရဲ့ အလယ်ပိုင်းကို ကွက်ပြီး ပြသပေးတဲ့ Vignette ကိုလည်း တွေ့နိုင်ပါတယ်။ ပြုပြင်လိုက်တဲ့ ဓါတ်ပုံ ရလဒ်ကို မနှစ်သက်ရင် Reset ခလုတ်ကို နှိပ်နိုင်ပါတယ်။ တစ်ကြိမ်မှာ ၉၀ ဒီဂရီ Rotate လုပ်ပေးမယ့် စွမ်းဆောင်ချက်နဲ့ ဓါတ်ပုံများကို ဖြတ်ထုတ်ပေးတဲ့ Crop စွမ်းဆောင်ချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။
Google Photos မှာ Share လုပ်ရတာ လွယ်ကူပါတယ်။ ဓါတ်ပုံတစ်ပုံ သို့မဟုတ် ဓါတ်ပုံများစွာကို ရွေးချယ်ပြီး Share Button ကို နှိပ်ပါ။ Facebook, Messenger, WhatsApp, Google Plus, Hangouts , Gmail တို့အပြင် အခြား Apps များ၊ ၀န်ဆောင်မှုများစွာမှာ မျှဝေနိုင်ပါတယ်။ Receive Link ကို နှိပ်ရင် အဲဒီဓါတ်ပုံများကို မျှဝေနိုင်မယ့် လင့်ကို ပြသပေးမှာ ဖြစ်ပါတယ်။
Photos Screen ရဲ့ ထိပ်မှ Plus Icon ကို နှိပ်ရင် Albums, Movies, Stories, Animations, Collages များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီမှာ မတူညီတဲ့ Settings, Options များကို ရွေးချယ်နိုင်ပေမယ့် ခက်ခဲမှုမရှိအောင် Google Photos က လမ်းညွှန်ပေးနိုင်ပါတယ်။
Web and Desktop
Google က Google Photos အတွက် Web App ကို ပြုလုပ်ပေးထားပြီး www.photos.google.com ကနေ သွားရောက်အသုံးပြုနိုင်ပါတယ်။ Layout နဲ့ Features တွေက Android App နဲ့ ဆင်တူပေမယ့် Web App မှာ Albums သာ ပြုလုပ်နိုင်ပြီး Stories, Collages တို့ကို ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ရင် Assistant, Photos, Collections တို့ကို သွားရောက်နိုင်ပါတယ်။
Android App မှာလိုပဲ Search Box မှာ ရက်စွဲ၊ နေရာဒေသနဲ့ အရာဝတ္ထုအမည်တွေကို ရိုက်ထည့်ပြီး ဓါတ်ပုံများကို ရှာဖွေနိုင်ပါတယ်။ Search Box ရဲ့ ညာဘက်မှ Upload Button ကို အသုံးပြုပြီး ပီစီမှ ဓါတ်ပုံများကို သိမ်းဆည်းနိုင်၊ Sync လုပ်နိုင်ပါတယ်။
Google က Windows နဲ့ Mac အတွက် Desktop Clients များကိုလည်း ဖြန့်ချီပေးထားပြီး ကွန်ပြူတာမှ ဓါတ်ပုံများကို Google Photos နဲ့ Sync လုပ်နိုင်ပါတယ်။ Desktop Clients များမှာ Sync လုပ်မယ့် ဖိုဒါများကို ရွေးချယ်နိုင်ပြီး ဓါတ်ပုံအရွယ်အစားကိုလည်း သတ်မှတ်နိုင်ပါတယ်။
Web ရဲ့ Drive Settings Page မှာ Google Photos မှ ဓါတ်ပုံများကို Google Drive ကနေ ကြည့်ရှုနိုင်ဖို့ Google Photos ဖိုဒါကို တည်ဆောက်နိုင်ပါတယ်။ Google Drive မှ ဓါတ်ပုံများကိုလည်း Google Photos မှာ ကြည့်ရှုနိုင်တဲ့ ရွေးချယ်မှုကိုလည်း တွေ့ရပါတယ်။
Android အတွက် Google Photos App ကို အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
https://goo.gl/TgGTn5
(Digital Life Journal)
0 comments:
Post a Comment